DVB TV – “သက်ကြီးရွယ်အိုတွေ ဘယ်လိုရပ်တည်နေရလဲ”

Posted by on in DVB Debate

Details

DVB TV – “သက်ကြီးရွယ်အိုတွေ ဘယ်လိုရပ်တည်နေရလဲ”
“သက်ကြီးရွယ်အို တော်တော်များများကတော့ ချမ်းသာရင်လဲ ချမ်းသာတဲ့အလျာက်၊ ဒီလို ခေတ်ကြီးထဲမှာပေါ့နော် အိမ်တွင်းမှာ အထီးကျန်နေကြတယ်… အိမ်မှာရှိတဲ့ လူတွေအကုန်လုံး အပြင်ထွက်ပြီး စီးပွားရှာကြတယ်… မြေးတွေဘာတွေဆိုတာလဲ ငယ်ငယ်လေးထဲက ကျောင်းတွေပို့တယ်… ဒါချမ်းသာတဲ့ လူတွေအပိုင်း… နောက်လူလတ်တန်းစားကျတော့လည်း သားသမီးတွေနဲ့ ဒိုးတူဘောင်ဖက် ရုန်းကန်ကြရတယ်… နောက်တစ်ခုကျတော့ စွန့်ပစ်ခံ၊ သူတို့သားသမီးတွေ၊ ဆွေးမျိုးအသိုင်းအဝိုင်းတွေက စားဖို့ကို မနည်းရုန်းကန်နေရတဲ့အတွက် လူတွေက လမ်းဘေးရောက်သွားကြတယ်ပေါ့… နောက်တစ်ခုက ရိပ်သာတိုင်း ရိပ်သာတိုင်းက သူတို့ရဲ့စည်းမျဉ်းစည်းကမ်းတွေ၊ ဘောင်တွေနဲ့ဝင်မှ လက်ခံတယ်… ဒါကတစ်ပိုင်း… နောက်ပြီးတော့ စဉ်စားမိတာ လူကစွန့်ပစ်ခံမဟုတ်ဘူးလေ၊ အမှိုက်မှမဟုတ်တာ အဲ့တော့ တစ်ယောက်မသိမ်းရင် တစ်ယောက်တော့ ကောက်သိမ်းရမှာပဲ” (ဒေါ်သင်းရွှေစင်လှိုင် – ခိုလှုံရာရိပ်သာ၊ ပရဟိတကွန်ယက်တည်ထောင်သူ)
“သက်ကြီးရွယ်အိုတွေရဲ့ အခြေအနေကဘာလဲ၊ သူတို့အခု ဘာလုပ်နေကြသလဲ၊ သူတို့ရဲ့ လက်တွေ့ပြဿနာတွေ၊ စိုးရိမ်မှုတွေ၊ သူတို့ရဲ့ မျှော်လင့်ချက်တွေဟာ ဘာလဲပေါ့… ကျွန်မတို့က သက်ကြီးရွယ်အိုတွေကို ကာကွယ်ဖို့၊ ပြုစုစောင့်ရှောက်ဖို့၊ ဒါမှမဟုတ် လှူဒါန်းဖို့၊ စွန့်ကျဲဖို့ဆိုတဲ့ အမြင်ရှု့ထောင့်ထက် ကျော်လွန်ပြီး ကြည့်ဖို့လိုလာတယ်ပေါ့၊ အဲ့လိုထည့်သွင်းစဉ်းစားတဲ့အခါမှာ ပေါ်လစီပိုင်းလို့ ပြောတဲ့ နိုင်ငံတော်ပိုင်းက လိုအပ်တဲ့ ဥပဒေတွေ၊ ဘတ်ဂျက်တွေ၊ အစီအမံတွေချပြီး လုပ်ကိုင်မှသာလျှင် ဒီဟာ အဆင်ပြေနိုင်မယ်… လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ သက်ကြီးရွယ်အိုတွေ ဘာလုပ်နေကြလဲလို့ပြောရင် ၂၀၁၄ သန်းခေါင်စာရင်းမှာ ဘာတွေ့လဲဆိုတော့ အသက် ၆၀ နဲ့အထက် သက်ကြီးရွယ်အို သုံးယောက်မှာ တစ်ယောက်က အလုပ်လုပ်နေရတယ်… ၆၅ နှစ်အထက်ဆိုရင် ငါးယောက်မှာ တစ်ယောက်ဟာ အလုပ်လုပ်နေရတယ်… ဆိုတော့ သက်ကြီးရွယ်အိုတွေ အလုပ်လုပ်နေတယ်ဆိုတဲ့ အချက်အလက်ကို တွေ့ရတယ်…” (ဒေါ်ခင်ဇာနိုင် – မြန်မာနိုင်ငံဆိုင်ရာ လက်ထောက်ဌာနေကိုယ်စားလှယ်၊ ကုလသမဂ္ဂလူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့)

“ကျွန်တော်တို့ရဲ့ လုပ်သက်တလျှောက် အတွေ့အကြုံတွေဟာ တန်ဖိုးဖြတ်လို့ မရပါဘူး… ဒီတော့ ဒီပင်စင်စားတွေကို အသုံးချတက်ဖို့ လိုပါတယ်… အသုံးချမှလည်း စောစောက အမတ်ကြီး ပြောသလို အလုပ်အအကိုင်တွေ၊ လုပ်အားတွေ၊ ဝင်ငွေတွေ ရလာမှာပါ… နောက်တစ်ခုက ကျွန်တော် ၂၀၀၂ ခုနှစ်က ပင်စင်ယူတာ နေစရာမရှိလို့ ယောက္ခမအိမ်မှာ နေရပါတယ်… အခုကတော့ ယောက္ခမလည်း မရှိတော့ဘူး၊ ကျွန်တော့်ဇနီးလည်း မရှိတော့ဘူး… ပင်စင်စား ကျွန်တော့် ယောက်ဖကလည်း အိမ်ထောင်ပြုမယ်ဆိုပြီး ကျွန်တော့်ကို အိမ်ရှာခိုင်းတယ်… အခုကျွန်တော် ဘယ်ကိုသွားလို့ ဘာလုပ်ရမလဲဆိုတာ မသိ ဖြစ်နေတဲ့အချိန်မှာ ကျွန်တော်နဲ့ ဘဝတူ ပင်စင်စားတွေကို နိုင်ငံတော်အစိုးရအနေနဲ့ အသိအမှတ်ပြုပြီး ဦးစားပေး နေရာထိုင်ခင်းလေး မြန်မြန်လေး လုပ်ပေးပါလို့ ကျွန်တော် ပင်စင်စားတွေကိုယ်စား မေတ္တာရပ်ခံပါတယ်…” (ဦးတင်မောင် – ရဲအရာရှိ၊ ငြိမ်း)
“အခု ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာက မြန်မာတနိုင်ငံလုံးကို မပြောဘူး… ရန်ကုန်မြို့နဲ့ပဲပြောမယ်… ကျွန်တော်တို့ လူနာတွေ ဆေးရုံပို့ရတယ်… နိစ္စဓူဝ ရန်ကုန်မြို့မှာရှိတဲ့ လမ်းတိုင်း၊ ရပ်ကွက်တိုင်းမှာ သက်ကြီးရွယ်အိုတွေရှိတယ်… စွန့်ပစ်တွေ… ကြိုက်တဲ့နေရာသွားကြည့်လိုက်ရှိတယ်… ကျွန်တော်တို့လည်း နေ့တိုင်းဆေးရုံ ပို့နေရတယ်… ဆိုလိုတာက ဒါဟာ လမ်းဘေးကအမှိုက်ကို နောက်တနေရာမှာ ပုံလိုက်တာပဲ… ဆေးရုံမှာ ဒီအဘိုးကြီးအဘွားကြီး ရောက်သွားပြီဆိုလို့ရှိရင် ချေး၊ သေးကအစ၊ လေဖြတ်နေတဲ့ သူကို ပြုစုမယ့်သူမရှိဘူး… ဆေးရုံမှာရှိတဲ့ ဝန်ထမ်းအင်အားက ဆေးရုံမှာရှိတဲ့ လူနာအားလုံးအတွက် မလုံလောက်ဘူး… ဆိုလိုတာက အမှိုက်တစ်ခုကို ကျွန်တော်တို့က ရှင်းတာမဟုတ်ပဲနဲ့ နောက်တစ်နေရာမှာ သွားပုံတယ်… ဟိုမှာအခက်အခဲဖြစ်ရော… ပြီးတော့ ဆေးရုံက ဆင်းပြီးသွားပြီ ဒီသက်ကြီးရွယ်အိုကို ဘယ်ကို ပို့မလဲ… ပို့စရာမရှိဘူး… အဲ့တော့ သံလျင်က သဘာဝတရားရိပ်သာကို သွားပို့၊ အခုဆိုရင် အဲ့ဒီ့မှာလည်း အများကြီး ပုံနေပြီ… လက်ရှိ ရန်ကုန်မြို့ရဲ့ အခြေအနေမှာ အစိုးရအနေနဲ့ ဘာမှ မလုပ်ပေးနိုင်သေးဘူး…” (ဦးမြင့်ဇော် – ရှင်ရေးကူညီမှုအသင်း)

“နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်ဖို့လုပ်တုန်းက ကျွန်တော်တို့ဘက်က တင်ပြပါတယ်… နိုင်ငံတကာမှာလိုပဲ နိုင်ငံတော်ကို ပေးဆပ်ခဲ့တဲ့ ဝန်ထမ်းတွေ ဘဝအာမခံချက်ရှိဖို့ အဲ့ဒီ့အပိုဒ်ကို ထည့်ဖို့ ကြိုးစားပါတယ်… နိုင်ငံတော်ကနေ ဝန်ထမ်းတွေ လစာဆီက ရာခိုင်နှုန်း ဘယ်လောက်ယူထားမယ်… ပင်စင်ယူတာနဲ့ အဲ့အတွက် အိမ် အစရှိသဖြင့် အာမခံချက် ပေးရမယ် ဆိုတဲ့ဟာမျိုးကို ကြိုးစားပေမယ့်လည်း လက်တွေ့မှာ ကျွန်တော်တို့ အဆင်မပြေဘူး… နောက်တစ်ခုက ဝန်ထမ်းတွေ အချင်းချင်းတောင်မှ တပ်မတော်ဝန်ထမ်းသည် ပင်စင်ယူရင် ရတဲ့လစာ အများကြီး အဲ့ဒါက တတန်းထဲပဲ ဖြစ်ရမယ်… နောက်တစ်ခုက နိုင်ငံရဲ့ ကြွယ်ဝမှုသည် နိုင်ငံသားတိုင်း ဥပဒေနဲ့အညီ အညီအမျှ ခံစားခွင့် အပြည့်အဝ ရှိရမယ်… ဥပမာဗျာ တယ်လီဖုန်းဆက်လို့ရတဲ့ အခွန်သည် ပညာရေးထဲသွားသလို၊ ထီရောင်းလို့ရတဲ့ အခွန်သည် တပ်မတော်ဆီ သွားတယ်လို့ ကြားရတယ်… ဒီအတိုင်းပဲ ပင်စင်စားတွေအတွက်သော်လည်းကောင်း၊ အဘိုးအဘွားတွေအတွက်သော်လည်းကောင်း အခွန်တစ်ခုကို သတ်မှတ်ပြီးတော့ လုပ်မယ်ဆိုရင် ရနိုင်တယ်… သို့သော် ဘာလိုလဲဆိုတော့ ယုံကြည်မှုလိုတယ်…” (ဦးဌေးဦး – စိန်ဂျွန်း၊ အမျိုးသားလွှတ်တော်အမတ်)

Leave a Reply

  • (will not be published)