အစိုးရဘက် ပိုင်ဆိုင်မှုကို ထုတ်ပြန်ရင် သူတို့ကလည်း ကြေညာဖို့ ၀န်မလေးလို့ ကြံ့ခိုင်ရေး ပြော

Posted by on in သတင်း, နိုင်ငံရေး

Details

အစိုးရအဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပိုင်ဆိုင်မှုထုတ်ပြန်ရင် သူတို့ဘက်ကလည်း ထုတ်ပြန်ကြေညာဖို့ ၀န်လေးမှာ မဟုတ်ဘူးလို့ ကြံ့ခိုင်ရေး ပြော

နေဖြိုးဝင်း

မေလ ၁၂ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်မှာ လက်ရှိဖြစ် ပေါ်နေတဲ့ အရင် ပါတီဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်က ၀န်ကြီးချုပ်တွေရဲ့ ငွေကြေးအရှုပ်အရှင်းကိစ္စ၊ ပါတီအပေါ် စွပ်စွဲပြောဆိုနေတာတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောတာပါ။

ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပိုင်ဆိုင်မှုထုတ်ပြန်ကြေညာဖို့ ရှိသလားလို့ မီဒီယာသမားတစ်ဦးရဲ့ မေးမြန်းချက်ကို အခုလို ပြန်လည်ဖြေဆိုတာဖြစ်ပါတယ်။

” ဒီနေ့တည်ရှိနေတဲ့ အသင်းအဖွဲ့တွေ၊ ပါတီတွေနဲ့ အရင်ကလည်းကျယ်ကျယ်လောင်လောင် အော်ခဲ့ ကြတယ်၊ အစိုးရအဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပိုင်ဆိုင်မှုတွေရော ထုတ်ပြန်ကြေညာနိုင်တဲ့ အဆင့်ရှိပြီလား။ အဲဒီလိုရှိခဲ့ပြီဆိုရင်တော့ ကျွန်တော်တို့ဘက်ကလည်း ထုတ်ပြန်ပေးဖို့ ၀န်လေးမှာ မဟုတ်ပါဘူး ” လို့ ပါတီရဲ့ ဗဟိုအတွင်းရေးမှုးလည်းဖြစ်၊ အရင်အစိုးရလက်ထက် နယ်စပ်ရေးရာဝန် ကြီးဌာန ဒုတိယ၀န်ကြီးလည်းဖြစ်တဲ့ ဦးတင်အောင်ချစ်က ပြောပါတယ်။

ပြီးခဲ့အစိုးရလက်ထက်တုန်းက အခုပြည်သူ့လွှတ်တော်ဥက္ကဌဖြစ်တဲ့ ဦးဝင်းမြင့်က အစိုးရအဖွဲ့နဲ့ လွှတ် တော်ကိုယ်စားလှယ်တွေရဲ့ ပိုင်ဆိုင်မှု ထုတ်ပြန်ကြေညာပေးဖို့ လွှတ်တော်မှာ အဆိုတင်ခဲ့ပေမေယ့် ရှုံးနိမ့်ခဲ့ပါတယ်။ လက်ရှိအစိုးရလက်ထက် ဦးဝင်းမြင့် လွှတ်တော်ဥက္ကဌတာဝန်ယူချိန် သတင်းစာရှင်း လင်းပွဲတစ်ခုမှာ အစိုးရအဖွဲ့ဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပိုင်ဆိုင်မှုထုတ်ပြန်ဖို့ မေးမြန်း တာမှာ အန္တရာယ်ရှိနိုင်တဲ့အတွက် ထုတ်ပြန်ကြေညာဖို့ မဖြစ်နိုင်ဘူးလို့ ပြောဖူးပါတယ်။
DVB TV – 12.05.2017

Leave a Reply

  • (will not be published)