အမေရိကန် စက်ရုပ်ပြိုင်ပွဲတွင် တောင်ကိုရီးယားစက်ရုပ် ပထမဆုဆွတ်ခူး

Posted by on in သတင်း, နိုင်ငံတကာ

Details

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ နည်းပညာအဆင့်မြင့် စက်ရုပ်စွမ်းဆောင်ရည်ပြိုင်ပွဲတခုကို ပြီးခဲ့တဲ့ ဇွန် ၂ ရက်နဲ့ ၃ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပခဲ့ပြီး အခုနှစ်အတွက် ပထမဆုကို တောင်ကိုရီးယားစက်ရုပ်က ဆွတ်ခူးသွားပါတယ်။ အခုနှစ်ပြိုင်ပွဲကို ၂၀၁၁ ခုနှစ် ဖူကူရှီးမား နျူကလီးယားစက်ရုံပေါက်ကွဲမှုပုံစံမျိုး၊ အခက်ခဲဆုံး အခြေအနေမှာ အတားအဆီးတွေကို ကျော်လွှားပြီး ညွန်ကြားချက်တွေကို လုပ်ဆောင်ရတဲ့ ပြိုင်ပွဲပါ။

တောင်ကိုရီးယားနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်တဲ့ ဒီအာရ်စီ ဟူဘို (DRC HuBo) ဆိုတဲ့ စက်ရုပ်က တခြားပြိုင်ပွဲဝင်စက်ရုပ် ၂၂ ရုပ်ကို အနိုင်ယူပြီး အမေရိကန်ဒေါ်လာ ၂ သန်းတန် ပထမဆု ဆွတ်ခူးရရှိသွားတာပါ။ စက်ရုပ်တွေဟာ လူသားတွေရဲ့ ထိန်းချုပ်မှုကို လျော့ပြီး ကားမောင်းတာနဲ့ လှေကားထစ်လို မြေပြင်မညီမညာတွေမှာ ဖြတ်သန်းစေပြီး အချိန် ၁ နာရီအတွင်း စေခိုင်းလိုက်တာတွေကို အလိုအလျောက် အတိအကျ လုပ်ဆောင်ကြရတာပါ။ ကိုရီးယားစက်ရုပ်ကတော့ ၄၄ မိနစ် ၂၈ စက္ကန့်ဖြင့် အမြန်ဆုံးနဲ့ အမှန်ဆုံး လုပ်ဆောင်ခဲ့တာပါ။ ဒုတိယဆု အမေရိကန်ဒေါ်လာ ၁ သန်းနဲ့ တတိယကတော့ အမေရိကန်ဒေါ်လာ ၅ သိန်း ရရှိကြမှာပါ။

ဂျာမနီ၊ ဟောင်ကောင်၊ အီတလီ၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတွေက စက်ရုပ်သုတေသနနဲ့ တည်ဆောက်ရေးအဖွဲ့ ၂၅ ဖွဲ့က ၀င်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းသွင်းခဲ့ကြတာပါ။ ဂျပန်အသင်းကတော့ ပြိုင်ပွဲမစခင် အပြီးသတ်လေ့ကျင့်မှုအတွင်း မတော်တဆတခု ဖြစ်ပြီး ပြိုင်ပွဲက နုတ်ထွက်ခဲ့ပါတယ်။
တရုတ်အသင်းကတော့ အချိန်မီ ဗီဇာမရခဲ့လို့ ၀င်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီစက်ရုပ်ပြိုင်ပွဲကို ဒါးပါ (Darpa) စက်ရုပ်စွမ်းဆောင်ရည်ပြိုင်ပွဲလို့ လူသိများပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီးရဲ့ သုတေသနဌာနက ဦးဆောင်ကျင်းပတာဖြစ်ပြီး လော့အိန်ဂျလိဒ်မြို့အနီး ပိုမိုနာမြို့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

  • (will not be published)