ရထားရှေ့ ခုန်ဆင်းပြီး သေကြောင်းကြံသည့်အမျိုးသမီးကို ရထားဝန်ထမ်း ကယ်တင် (ရုပ်သံ)

Posted by on in သတင်း, နိုင်ငံတကာ, ရုပ်သံမှတ်တမ်း

Details

တရုတ်နိုင်ငံ အရှေ့ပိုင်းဖူကျင်းခရိုင် မြို့တမြို့က ရထားဘူတာရုံမှာ ခုတ်မောင်းလာတဲ့ ရထားရှေ့ကို အမျိုးသမီးတဦး ပလက်ဖောင်းပေါ်ကနေ ပြေးဆင်းပြီး ကိုယ့်ကိုယ် သေကြောင်းကြံစည်မှု ဖြစ်ခဲ့ပါတယ်။

စက္ကန့်ပိုင်းအချိန်လေးမှာ ရထားဝန်ထမ်းတဦးက အမျိုးသမီးရဲ့နောက်ဘက်ကနေ ဆွဲလိုက်ပြီး အသက်ကယ်တင်နိုင်ခဲ့တယ်လို့ မေရာရဲ့ မေလ ၁၂ ရက်နေ့သတင်းမှာ ရေးထားပါတယ်။

ရထားဝန်ထမ်းရဲ့ ကယ်ဆယ်မှုကို ဘူတာရုံကင်မရာတွေက ဖမ်းယူရိုက်ကူးမိခဲ့ပြီး ရုပ်သံထဲမှာ စက္ကန့်ပိုင်းအတွင်း ဇာတ်ကွက်ဆန်ဆန် ကယ်တင်လိုက်မှုကို မြင်ရမှာပါ။

ရထားက ဘူတာရုံဆီ ဆိုက်ရောက်လာတော့မယ့်အချိန်မှာ ပလက်ဖောင်းပေါ်က အမျိုးသမီးကို ရထားဝန်ထမ်း ဝမ်က ကြည့်နေတာကို မြင်ရပါတယ်။

တက္ကသိုလ်ကျောင်းသူလို့ သိရတဲ့ အမျိုးသမီးက ရုတ်တရက် ရှေ့ကို ပြေးထွက်သွားပြီး လာနေတဲ့ရထားရှေ့ ခုန်ဆင်းဖို့ ကြိုးစားခဲ့တာပါ။

အဲဒီအချိန်မှာ ရထားဝန်ထမ်းလည်း ချက်ခြင်း အမျိုးသမီးနောက် လိုက်ပြီး နောက်ဘက်ကနေ သူမကို လှမ်းဆွဲထားလိုက်ပါတယ်၊ ၂ ဦးစလုံး ရထားပလက်ဖောင်းပေါ် နောက်လန်ပြုတ်ကျသွားခဲ့ပြီး ဝန်ထမ်းရဲ့ဦးခေါင်းကို ထိခိုက်ခဲ့ပေမယ့် ပလက်ဖောင်းအစွန်းကို ရောက်နေတဲ့ အမျိုးသမီးကိုတော့ အောင်မြင်စွာပဲ ရပ်တန့်ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သူတို့ ၂ ဦး ပလက်ဖောင်းပေါ် ပြုတ်ကျပြီး တစက္ကန့်လောက်မှာပဲ ရထားက သူတို့ရှေ့က ဖြတ်ပြီး ရပ်တန့်လိုက်တာကို ရုပ်သံထဲမှာ မြင်ရမှာပါ။

အခြားရထားဝန်ထမ်းတွေ အမြန်ရောက်လာပြီး သူတို့ ၂ ဦးရဲ့ ဒဏ်ရာတွေကို ကုသပေးပြီး အဲဒီနောက် ရထားရဲတွေက သေကြောင်းကြံစည်သူ အမျိုးသမီးကို ခေါ်ဆောင်သွားပါတယ်။

ဘာလို့ ဒီလို သေကြောင်းကြံစည်လည်းဆိုတာကို အာဏာပိုင်တွေက စုံစမ်းနေကြပြီး အမည်မဖော်ထြားတဲ့ အမျိုးသမီးကို မစစ်ဆေးရသေးဘူးလို့ သိရပါတယ်။

Leave a Reply

  • (will not be published)