ဒီမိုကရေစီ အခွင့်အရေးတွေကို အနှုတ်လက္ခဏာဆောင်သုံးတဲ့သူတွေ ရှိတယ်

Posted by on in သတင်း, နိုင်ငံရေး

Details

ဒီမိုကရေစီ အခွင့်အရေးတွေကို အပေါင်းလက္ခဆောင်သုံးတဲ့သူတွေရှိသလို အနှုတ်လက္ခဆောင်သုံးတဲ့သူ တွေရှိတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ပြော။

သြဂုတ်လ ၁၁ ရက်နေ့က ပြုလုပ်တဲ့ မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ်သုံးသပ်ဆွေးနွေးပွဲမှာ အခုလိုပြော တာပါ။ လက်ရှိအစိုးရသက်တမ်း တစ်နှစ်ကျော်အတွင်းမှာ အခုလိုတွေ့ရတာလို့ ဆိုပါတယ်။

“ တချို့တွေက ဒီမိုကရေစီအခွင့်အရေးတွေကို အပြုသဘောဆောင်တဲ့ပုံစံနဲ့ အပေါင်းလက္ခဏဆောင်တဲ့ပုံစံနဲ့ သုံးစွဲကြတယ်။ တချို့တွေက ဒီလိုမဟုတ်ဘဲနဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို အနှုတ်လက္ခဏဆောင်တဲ့ပုံစံနဲ့ သုံးစွဲကြတယ်။ ဘယ်သူတွေက ဘယ်လိုသုံးစွဲနေတယ် ဆိုတာတော့ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေက သိမယ်လို့ ထင်ပါတယ် ” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဒီမိုကရေစီစနစ်ထူထောင်တာဟာ ယဉ်ကျေးမှုတစ်ခုကို ထူထောင်တာလည်းဖြစ်တယ်လို့ ပြောပါတယ်။ မတူတဲ့ အမြင်တွေရှိမှာဖြစ်ပေမယ့် တစ်ဦးပေါ်တစ်ဦးလေးစားဖို့လိုတယ်လို့လည်း ပြောပါတယ်။

“ အမြင်မတူတာကောင်းပါတယ်။ အားလုံးဟာ တစ်ပုံစံထဲစဉ်းစားမယ်၊ တွေးမယ်ဆိုရင် တကယ်တော့ ဒီမိုက ရေစီရဲ့ အနှစ်သာရနဲ့ မကိုက်ညီပါဘူး။ ဒါတစ်သွေးတစ်သံတစ်မိန့်ပေါ့နော်။ တစ်သွေးတစ်သံတစ်မိန့်ဆိုတာ ဒီမို ကရေစီမဟုတ်ပါဘူး။ ဒီမိုကရေစီက တစ်သွေးထဲ တစ်သားထဲဖြစ်ဖို့ဆိုတာ ကောင်းပါတယ်။ တစ်သံထဲ ထွက်ဖို့ မလိုပါဘူး။ တစ်မိန့်ဆိုတာ လုံးဝကို မသင့်လျော်ပါဘူး ” လို့ ဆိုပါတယ်။

ဒီမိုကရေစီမှာ အသံအမျိုးမျိုးထွက်ပေမယ့် အောက်ခြေအားဖြင့် တစ်သွေးထဲ တစ်သားထဲ ညီညွတ်မှုလိုတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံက ပြောပါတယ်။ တစ်သွေးထဲ တစ်သားထဲ ညီညွတ်မှုကနေထွက်လာတဲ့ အသံအမျိုးမျိုး ကို ညှိနိုင်တာကသာ ဒီမိုကရေစီရဲ့ စွမ်းရည်ဖြစ်တယ်လို့ဆိုပါတယ်။ ဒီလိုညှိတာဟာ အမိန့်အရ မဟုတ်ဘဲ အများစုရဲ့ သဘောတူညီချက်အရ အဖြေတစ်ခုကို ဖော်ထုတ်ပြီး အကောင်အထည်ဖော်တာဟာ ဒီမိုကရေစီရဲ့ ရိုးရိုးလေးလမ်းစဉ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရိုက်ကူး – နေဖြိုးဝင်း
DVB TV – 11.08.2017

Leave a Reply

  • (will not be published)