Posts By: Aliff

ထရပ်ကားကြီးရှေ့ ဆိုင်ကယ်ရပ်တာမမြင်မိဘဲ ထိတ်လန့်ဖွယ် တက်ကြိတ် (ရုပ်သံ)

မီးပွိုင့်မှာ ယာဉ်တန်းကို ကျော်ပြီး ကားတန်းရဲ့ ထိပ်ဆုံး ထရပ်ကားကြီးရဲ့ရှေ့မှာ နေရာယူရပ်ခဲ့တဲ့ မော်တော်ဆိုင်ကယ်သမားကို မမြင်မိဘဲ ကားကြီးက ကြောက်မက်ဖွယ် တက်ကြိတ်မှုဖြစ်ပွားခဲ့ပါတယ်။

ကားက တစ်ခုခုကို တိုက်မိသွားပြီလို့ သိလိုက်ချိန်မှ ကားရပ်မိလို့ ဦးခေါင်းကြိတ်ခံရလုနီးပါး ဖြစ်နေတဲ့ ဆိုင်ကယ်သမား ကံကောင်းစွာ အသက်ရှင်ခဲ့တယ်လို့တော့ ဆိုပါတယ်။

ရုပ်သံဖိုင်ထဲမှာတော့ ဆိုင်ကယ်သမားက မီးပွိုင့်မှာတန်းစီနေတဲ့ ယာဉ်တန်းကြီးရဲ့နောက်မှာ မစောင့်ပဲ ယာဉ်တန်းရဲ့ထိပ်ဆုံးမှာ ရှိတဲ့ ထရပ်ကားအကြီးကြီးရဲ့ အရှေ့မှာ နေရာယူလိုက်ပါတယ်။

ယာဉ်တန်းထွက်ခွာဖို့ မီးပွိုင့်က မီးစိမ်းပြလိုက်ချိန်မှာ ထရပ်ကားကြီးရဲ့ယာဉ်မောင်းက သူ့ရှေ့က မော်တော်ဆိုင်ကယ်ကို မမြင်ပဲ ကားမောင်းထွက်ခဲ့လို့ ဒီလိုဆိုးရွားတဲ့ ယာဉ်တိုက်မှု ဖြစ်ခဲ့တာလို့ သိရပါတယ်။

ဆိုင်ကယ်သမားက ထရပ်ကားကြီးရဲ့ ရှေ့မှာ တွန်းတိုက်ပါသွားပြီး ဆိုင်ကယ်ပေါ်က ပြုတ်ကျ ကားဘီးကြီးတွေရဲ့ အောက်မှာ တရွတ်ဆွဲနေတဲ့ ထိတ်လန့်ဖွယ်မြင်ကွင်းကို မီးပွိုင့်ကင်မရာတွေက ဖမ်းယူရိုက်ကူးမိတာပါ။

ဆိုင်ကယ်သမားရဲ့ ဆိုင်ကယ်ဦးထုတ်လည်း ပြုတ်ကျခဲ့ပြီး လမ်းပေါ်မှာ တစ်စီစီဖြစ်သွားတာကို မြင်ရပါတယ်။ အဲ့ဒီနောက်ကားသမားက တခုခုကို တိုက်မိတယ်လို့ သိသွားပြီး ကားကို ရပ်လိုက်တာပါ။

ဆိုင်ကယ်သမားက ဒဏ်ရာ အပြင်းအထန်ရပေမယ့် အသက်ရှင်တယ် ဦးခေါင်းဒဏ်ရာနဲ့ခြေထောက် ကျိုးသွားလို့ ဆေးရုံ ပို့ထားတယ်လို့ မေရာရဲ့ မေလ ၁၂ ရက်နေ့သတင်းမှာ ရေးထားပါတယ်။ ဒီအဖြစ်အပျက် ဘယ်မှာ ဖြစ်ပျက်ခဲ့တယ်ဆိုတာတော့ သတင်းမှ ဖော်ပြထားခြင်းမရှိပါဘူး။

မေလ ၈ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး

မေလ ၈ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၃၅၉ ကျပ်၊ ၁ ယူရိုငွေကို ၁၄၉၀ ဒသမ ၅ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၉၆၆ ဒသမ ၁၆ ကျပ်၊ ဂျပန် ယန်း ၁၀၀ ကို ၁၂၀၅ ဒသမ ၄ ကျပ်၊ တရုတ် ၁ ယွမ်ကို ၁၉၆ ဒသမ ၈၇ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၁၃ ဒသမ ၃၁ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၃၉ ဒသမ ၁၅ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။

(ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်)

ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး တကျပ်သားကို ဝယ်ဈေး ၈၉၃၉၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေးကတော့ ၈၉၄၁၀၀ ကျပ် ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၂၃၀ ဒသမ ၃၀ ဒေါ်လာ ဈေးပေါက်ပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်၊ ၂ ဦး သေဆုံး

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမိုင်တိုက်အမှတ် (၁၀၃ အနီးမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့လို့ ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မေ ၃ ရက်နေ့ ၁၀ နာရီခွဲလောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ရန်ကုန်ကနေ နေပြည်တော်ဘက် မင်းခန့်ကျော် မောင်းလာတဲ့ TOYOTA HIACE ယာဉ်က စက်ချို့ယွင်းလို့ ရပ်တန့်ထားတဲ့ နန်းထိုက်တော်ဝင် EXPRESS ယာဉ်ကို ၀င်တိုက်ခဲ့တာလို့ မြို့ချောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“EXPRESS က ပျက်လို့ရပ်ပြီး ပြင်နေတာဗျ။ အဲ့မှာပြင်နေတဲ့လူတွေကို ဝင်တိုက်တာ၊ လေးယောက်ပေါ့ အတိုက်ခံရတာ။ နှစ်ယောက်သေတယ်၊ သေတဲ့နှစ်ယောက်မှာ တစ်ယောက်ကတော့ နေရာမှာတင်သေပြီး နောက်တစ်ယောက်ကတော့ ဆေးရုံပို့ရင်း သေတာပါ။ ကျန်တဲ့နှစ်ယောက်ကတော့ အသက်အန္တရာယ် မဆိုးရိမ်ရပါဘူး။”

ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ လူထိခိုက်သေဆုံးအောင် မောင်းနှင်သူ မင်းခန့်ကျော်နဲ့ အမြန်လမ်းမပြီး ပေါ့လျော့စွာ ယာဉ်ရပ်နားပြီး ပြုပြင်နေတဲ့ သက်အောင်တို့ကို မြို့ချောင်းအ မြန်လမ်းမကြီးရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-က/ ၃၃၇/ ၃၃၈ အရ အမှုဖွင့် အရေးယူထားကြောင်း သိရပါတယ်။

သတင်း – ကျော်အောင်(ကညွတ်ကွင်း)

တိုင်းရင်းသားလက်နက်ကိုင်များပါသည့်မြန်မာအဖွဲ့ အမေရိကန် ဖယ်ဒရယ်စနစ်လေ့လာ (သတင်းဓာတ်ပုံ)

အမေရိကန်ဖက်ဒရယ်စနစ်နဲ့ အုပ်ချုပ်ပုံစနစ်ကိုလေ့လာဖို့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အို)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကိုယ်စားလှယ်အပါအ၀င် မြန်မာနိုင်ငံက ကိုယ်စားလှယ် ၁၅ ဦး အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေပါတယ်။

မြန်မာပြည်ငြိမ်းချမ်းရေးဖြစ်စဉ်ကို အထောက်အကူပြုနိုင်ဖို့ အမေရိကန်အစိုးရက ဖိတ်ကြားခဲ့တာဖြစ်ပြီး ဧပြီ ၂၉ ရက်က တည်းက အမေရိကန်မှာ ရောက်ရှိနေတာဖြစ်ပါတယ်။

၁၅ ဦးပါ မြန်မာကိုယ်စားလှယ်အဖွဲ့မှာ ကေအန်ယူနဲ့ ကေအိုင်အို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က အရာရှိတွေ၊ ပြည်ထောင်စုလွှတ်တော်၊  ပြည်သူ့လွှတ်တော်နဲ့ ကချင်ပြည်နယ်လွှတ်တော်က ကိုယ်စားလှယ်တွေ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ ဥပဒေလေ့လာစိစစ်ရေး ကော်မီတီက တာဝန်ရှိသူတွေ၊ ပညာရေးနယ်ပယ်ပညာရှင်တွေနဲ့ သတင်းတပ်ဖွဲ့ တွေပါဝင်ပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့  မြို့တော် ဝါရှင်တန်ဒီစီမှာ ၄ ရက်တာ လေ့လာဆွေးနွေး ခဲ့ပြီး အုပ်ချုပ်ပုံစနစ်ကိုတော့ အိုဟိုင်းယိုးနဲ့ ဗာဂျီးနီးယားပြည်နယ်တွေမှာ ၉ရက်ကြာ သွားရောက်လေ့လာမယ်လို့ အဲဒီခရီးလိုက်ပါခဲ့တဲ့ ကချင်ပြည်နယ်လွတ်တော်ကိုယ်စားလှယ်  Maran Ja Seng Hkawn ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။

လေးခွနှင့်ပစ်သူကို ဓားဖြင့်ပြန်ခုတ်မှုကြောင့် သေဆုံး

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် ဆင်ကူးရွာသစ်အုပ်စု ရေပြန်ကျေးရွာမှာ ဦးမြင့်အုံး ဆိုသူဟာ နေအိမ်ခြံဝင်းအတွင်း ဓားနဲ့ခုတ်ခံရပြီး သေဆုံးသွားတယ်လို့ ရဲစခန်းက ပြောပါတယ်။

မေ ၄ ရက်နေ့မနက်ပိုင်းက သတင်းပေးတိုင်ကြားချက်ရရှိလို့ ရဲတပ်ဖွဲ့ဝင်တွေက လက်ပံတန်းရဲစခန်း တာဝန်ရှိသူတွေက အခင်းဖြစ်နေရာကို သွားရောက် စုံစမ်းစစ်ဆေးခဲ့ပြီး ကျူးလွန်သူ  ကိုမြင့်(ခ) မြင့်လွင်အား ၆ နာရီအတွင်းစုံစမ်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အခင်းဖြစ်ပွားခဲ့မှုအခြေအနေကို ဓားနဲ့ ခုတ်သတ်ခဲ့သူ ကိုမြင့်က “ကနော်တို့ မနေ့က နေ့လယ် ၂ နာရီ လောက် အရက်သောက်နေရင်း စကားများကြတယ်၊ ညနေ ၅ နာရီလောက် အိမ်မှာထိုင်နေတုန်း လေးခွနဲ့လာပစ်တာ ကျနော့်မျက်လုံးကိုမှန်တယ်၊ ကျနော် ဘာမှ ပြန်မလုပ်လိုက်ဘူး။ ညကျတော့ ကျနော်ကို သူ့ခြံထဲကနေ အလွန်အကျွံဆဲနေတော့ မင်းပါးစပ် ငါပိတ်ပေးမယ်ဆိုပြီး သူ့ဆီသွားပြီး ဓားနဲ့ တစ်ချက်ခုတ်လိုက်တာ သူက ပြန်လုံးတော့ နောက်ထပ်တစ်ချက်ခုတ်လိုက်တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကျူးလွန်သူ ကိုမြင့်(ခ) မြင့်လွင်အား ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ စစ်ဆေး အရေးယူ ဆောင်ရွက်နေတယ်လို့ လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူက ပြောပါတယ်။

သတင်း၊ဓာတ်ပုံ – ဝဏ္ဏထွန်း

မြန်မာ့ပထမဆုံး လယ်ယာစက်မှုဇုန် မြောင်းမြတွင် အကောင်အထည်ဖော်မည်

မြန်မာနိုင်ငံမှာ ပထမဆုံးနဲ့ အကြီးဆုံးဖြစ်လာမယ့် လယ်ယာကဏ္ဍအခြေခံတဲ့ စားသောက်ကုန်လုပ်ငန်းတွေပါဝင်တဲ့ Agro-industry Park စက်မှုဇုန်တခုကို ဧရာဝတီတိုင်း မြောင်းမြမြို့မှာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အကောင်အထည်ဖော် ဆောင်ရွက်ဖို့ရှိနေပါတယ်။

၂၀၁၇ – ၂၀၁၈ က စတင်ပြီး ဆောင်ရွက်မယ့်  စက်မှုဇုန်စီမံကိန်းကို  ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ဆောင်ရွက်မှာဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၂၀ ကနေ သန်း ၃၀ အထိ ရင်းနှီးမြှုပ်နှံသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပါတယ်။

“Agro-Industry Park ဆိုတာကတော့ စားသောက်ကုန်ထုတ်တဲ့ ဇုန်အစုအဝေးပါပဲ။ အဲ့ဒီတော့ စားသောက်ကုန်ပစ္စည်းတွေ ဖြစ်တာပေါ့နော်။ လူအစားအစာ၊ တိရစ္ဆာန်အစားအစာ ဒါတွေကို စနစ်တကျထုတ်ဖို့အတွက် အဓိကရည်ရွယ်တာပေါ့။ အဲ့ဒီတော့ ကျနော်တို့အနေနဲ့က ပထမအဆင့် အဓိက ဆန်စပါးကို အခြေခံပြီးတော့ ဆန်စက်ပါမယ်၊ နောက်စပါးခွံကနေ လျှပ်စစ်ထုတ်တာ၊ နောက်ဖွဲနုဆီစက်၊ တိရစ္ဆာန်အစားအစာ နောက်ပိုင်းမှာ ဆန်မှုန့်၊ ဆန်ကြာဆံ၊ ဆန်ခေါက်ဆွဲ အဲ့လို ဆန်စပါးကို အခြေခံတဲ့ပစ္စည်းတွေ နောက်ဆုံးဆန်ကွဲကနေ ဂလူးကို့စ်ထုတ်တာတွေထိ ဆောင်ရွက်သွားပါမယ်။”

စက်မှုဇုန်အတွက် မြောင်းမြဂုန်လျှော်စက်ရုံဝင်းအတွင်း မြေဧက ၃၀၀ ကျော်ကို စိုက်ပျိုးရေးဝန်ကြီးဌာနထံကနေ နှစ်ရှည်ငှားရမ်းထားပြီး စီမံကိန်းကာလ ၃ နှစ်အတွင်း အကောင်ထည်ဖော်ဆောင်ရွက်မယ်လို့ သိရပါတယ်။

အဲ့ဒီစီမံကိန်းမှာ ဒေါ်လာ ၄ သန်း အကုန်အကျခံမယ့် စပါးခွံသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံလည်း ပါဝင်မှာဖြစ်ပါတယ်။ အသင့်ရှိပြီး ဆိပ်ကမ်းအပါအဝင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တာ၊ လျှပ်စစ်ဓာတ်အား ရရှိတာနဲ့ စိုက်ပျိုးရေး ဆိုင်ရာ အချက်အခြာကျတဲ့ နေရတခု ဖြစ်တာကြောင့် အခုနေရာကို ရွေးချယ်ထားတာလို့ ဆိုပါတယ်။

စီမံကိန်းအကောင်အထည်ပေါ်လာရင်တော့ အလုပ်အကိုင် အများအပြား ဖန်တီးပေးနိုင်မှာဖြစ်သလို စီမံကိန်းအနေနဲ့ လယ်ယာတွေ၊ သီးနှံတွေကို တန်ဖို့မြင့်ထုတ်ကုန်တွေ အဖြစ် ထုတ်လုပ်မှာဖြစ်လို့ ဒေသတွင်း လယ်ယာကဏ္ဍအနေနဲ့လည်း ဖွံ့ဖြိုးတိုးတက်လာ နိုင်တယ်လို့ ဦးရဲမင်းအောင်က ပြောပါတယ်။

သတင်း၊ဓာတ်ပုံ – သော်ဇင်မျိုး

အမြန်လမ်းမကြီးပေါ် ထိုင်း၊ စင်ကာပူ၊ မလေးရှား နိုင်ငံသားများ ဆိုင်ကယ်မောင်းနှင်

မြန်မာနိုင်ငံ မြို့ကြီး ၃ မြို့နဲ့ အမြန်လမ်းမကြီးပေါ်မှာ ACE RIDE 2017 မော်တော်ဆိုင်ကယ်မောင်းနှင်ပွဲ ကျင်းပနေပြီး ထိုင်း၊ စင်္ကာပူ၊ မလေးရှား နိုင်ငံသား အယောက် ၄၀ ပါဝင်မောင်းနှင်မှာ ဖြစ်ပါတယ်။

မေ ၃ ရက်နေ့မှ မေ ၅ ရက်နေ့အထိ ၃ ရက်ကြာ ပြုလုပ်မှာလို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲမှူးရုံး ထုတ်ပြန်ချက်အရ  သိရပါတယ်။

“သူတို့က မနေ့ကတည်းက လာတာ။ မြဝတီဘက်ကနေ လာတာ။ ဒီမနက် ၁၀ နာရီလောက်ကတော့ ဘောနက်ကြီးဘက်ကနေ ဘုရာကြီးဘက်ကို ပြန်ထွက်သွားပြီ။ ဒီမနက် နေပြည်တော် တိုးဂိတ်ကိုတော့ ၇ နာရီလောက်က ပြန်ဖြတ်သွားတယ်။ ကျနော်တို့က အမြန်လမ်းပေါ် ဖြတ်တဲ့အချိန်လောက်ပဲ သိတာပေါ့။ အခြားအပိုင်းတော့ မသိပါဘူး” လို့ အမြန်လမ်းရဲစခန်း တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါခရီးစဉ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့က ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ Honda Wing Bike Club မှ ဦးဆောင်ကျင်းပတဲ့ ACE RIDE 2017 စာနယ်ဇင်းရှင်းလင်းပွဲကို တက်ရောက်ခဲ့စဉ် မြန်မာနိုင်ငံကို ဖြတ်သန်းမောင်းနှင်ရေးအတွက် သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

သဘောတူညီခဲ့ပြီးနောက် ACE RIDE 2017 ဆိုင်ကယ်သမားအဖွဲ့ဟာ မေ ၂ ရက်နေ့က မြဝတီနယ်စပ်ဂိတ်ကို ထိုင်း၊ စင်ကာပူ၊ မလေးရှားနိုင်ငံသား ဆိုင်ကယ်သမား အယောက် ၄၀ တို့က မော်တော်ဆိုင်ကယ် ၂၈ စီးနဲ့ ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ပဲခူး၊ နေပြည်တော်၊ ဘားအံမြို့တွေကို ၃ ရက်ကြာ ဖြတ်သန်းမောင်းနှင်ပြီး မေ ၅ ရက်နေ့မှာ မြဝတီမြို့ကတဆင့် ထိုင်းနိုင်ငံကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

ACE RIDE 2017 မော်တော်ဆိုင်ကယ်မောင်းနှင်ပွဲကို All Asia Exclusive Travels & Tours Co.Ltd ကုမ္ပဏီက စီစဉ်ဆောင်ရွက်တာဖြစ်ပြီး ၃ ရက်နေ့ မနက် ၉ နာရီ ၄၅ မိနစ်လောက်မှာ ပဲခူးမြို့နယ် ဘောနတ်ကြီး အမြန်လမ်းမကြီးရဲစခန်းအပိုင်ကို ရောက်ရှိကာ မနက် ၁၀ နာရီ ၅ မိနစ်မှာ နေပြည်တော်ဘက် ဆက်လက်ထွက်ခွာလျှက်ခွာလာခဲ့ကြောင်းသိရပါတယ်။

၎ ရက်နေ့မနက် ၇ နာရီ ၁၅ လောက်မှာ  နေပြည်တော်တိုးဂိတ်မှ ပြန်လည်ခွက်ခွာခဲ့ပြီး ဘောနတ်ကြီးကို မနက် ၁၀ နာရီလောက်ရောက်ရှိပြီးနောက် မြဝတီဘက် ဆက်လက်ထွက်ခွာသွားတယ်လို့ အမြန်လမ်းရဲတပ်ဖွဲမှူးရုံးက ပြောပါတယ်။

ခရီးစဉ်နှင့်ပတ်သက်ပြီး ယာဉ်အန္တရယ်/လမ်းအန္တရယ် ကင်းရှင်းစေရေးအတွက် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်တွေက ကူညီဆောင်ရွက်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

သတင်း – ကျော်အောင် (ကညွတ်ကွင်း)၊ ဓာတ်ပုံ – အမြန်လမ်းရဲတပ်ဖွဲ့

ဖေ့စ်ဘွတ်ခ်ပေါ် အခြားအမျိုးသားနှင့် စကားပြောသည့် မိန်းကလေးကို ချစ်သူကသတ်

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဆူရင်းခရိုင်ထဲမှာ အတူနေချစ်သူ မိန်းကလေးက  တခြားအမျိုးသားတဦးနဲ့ ဖေ့စ်ဘွတ်ခ်ပေါ် စကားပြောတဲ့အတွက် သဝန်တိုပြီး လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ခေါင်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဆူရင်းခရိုင် ဆီချုန်းဖုမ်းမြို့နယ် နောင်ဗိုရပ်ကွက်ထဲမှာ ပြီးခဲ့တဲ့ မေ ၁ ရက် ည ၈ နာရီ အချိန်က ဓားထိုးမှုဖြစ်ပွားကြောင်း သတင်းရရှိတဲ့အတွက် လူနာတင်ယာဉ်နဲ့အတူ အခင်းဖြစ်နေအိမ်ကို သွားရောက်စစ်ဆေးရာမှာ ဒဏ်ရာတွေနဲ့ သွေးအိုင်ထဲလဲနေတဲ့ အသက် ၁၅ နှစ်ရွယ် မိန်းကလေးတဦးကို တွေ့ရှိရတာလို့ နယ်မြေခံရဲစခန်း တာဝန်ကျ ဒု-ရဲမှူး အားခုမ်းချနဖေ့က သတင်းထောက်တွေကို ပြောပါတယ်။

စစ်ဆေးချက်အရ မိန်းကလေးရဲ့လည်ပင်းမှာ ပြတ်ရှရာရှိပြီး ရင်ဘတ်နဲ့ ဝမ်းဗိုက်မှာလည်း ထိုးသွင်းရာတွေရှိကာ တာဝန်ရှိသူတွေ ရောက်သွားပြီး မကြာခင် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အိမ်နီးနားချင်းတွေ ပြောပြချက်အရ သေဆုံးသူနဲ့ သူ့ရဲ့ အတူနေချစ်သူ အမျိုးသား နိုင်းဆန်ဆဒ်တို့ဟာ အခင်းမဖြစ်ပွားခင်က အကြီးအကျယ် စကားများခဲ့ကြပြီး အိမ်ကနေ ပျောက်သွားတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့က လူသတ်တရားခံကို စုံစမ်းရှာဖွေစဉ်မှာပဲ မေ ၃ ရက်နေ့မှာတော့ နိုင်းဆန်ဆဒ်ကိုယ်တိုင် ရဲစခန်းကိုရောက်လာပြီး အဖမ်းခံခဲ့ပါတယ်။

နိုင်းဆန်ဆဒ်ရဲ့ ဖွင့်ဟဝန်ခံချက်အရ သေဆုံးသူ နန်းဆောင်ပီး (၁၅ နှစ်) နဲ့ သူဟာ ဖေ့စ်ဘွတ်ခ်မှာ ချစ်ကြိုက်ခဲ့ပြီး အပြင်မှာ living together နေနေတာ ၂ နှစ်ရှိပြီဖြစ်ကြောင်း၊ သူဟာ တခါတရံ မိန်းကလေးအိမ်မှာသွားအိပ်ပြီး မိန်းကလေးကလည်း တခါတရံ သူ့အိမ်မှာ လိုက်အိပ်ကြောင်း၊ အခင်းဖြစ်တဲ့နေ့က မိန်းကလေးက တခြားအမျိုးသားတယောက်နဲ့ ဖေ့စ်ဘွတ်ခ်မှာ ချက်တင်ပြောနေတာကို သဝန်တိုရာက စကားများပြီး ဒေါသအလျောက် လူသတ်မိခဲ့ကြောင်း၊ အဲဒီနောက် သူ့မိခင်နေအိမ်မှာ သွားပုန်းရှောင်နေရာက နောင်တရလာတဲ့အတွက် လာရောက်အဖမ်းခံတာလို့ ရဲစန်းမှာ ပြောသွားပါတယ်။

ရဲစခန်းကတော့ နိုင်းဆန်ဆဒ်ကို လူသတ်မှုပုဒ်မနဲ့ ဥပဒေအရ အရေးယူသွားမယ်လို့ ဆိုပါတယ်။

ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ

ဂျုံ
မန္တလေးကုန်စည်ဒိုင်မှာတော့ ဂျုံက ငွေကျပ် ၂၀၀၀ ဈေးတက်လာပြီး ဒီနေ့ပေါက်ဈေးကတော့ ၁ အိတ်ကို ငွေကျပ် ၆ သောင်း ပေါက်ဈေးရှိပါတယ်။

နှမ်းညို
နှမ်းညိုကတော့ ဒီနေ့မှာ ၁ အိတ်ကို ငွေကျပ် ၂၀၀၀ ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ငွေကျပ် ၈သောင်း ၈ထောင် ပေါက်ဈေး ရှိနေပါတယ်။

ပဲပုတ်(ရှမ်း)
ပဲပုတ်(ရှမ်း)က ၁ အိတ်ကို ငွေကျပ် ၃၀၀၀ ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ပေါက်ဈေးက ၆သောင်း ၂ထောင်ကျပ် ပေါက်ဈေးရှိပါတယ်။

စားအုန်းဆီ
စားအုန်းဆီကတော့ ဒီနေ့ပေါက်ဈေးက ၁၈၅၀ ကျပ် ပေါက်ဈေး ရှိပြီးတော့ ၁ ပိဿာကို ငွေကျပ် ၃၀ ဈေးတက်လာပါတယ်။

မြေပဲလုံးဆံနီ
မုံရွာကုန်စည်ဒိုင်မှာတာ့ မြေပဲလုံးဆံနီက ၁ ပိဿာကို ငွေကျပ် ၅၀ ဈေး ကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၂၄၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။

ကုလားပဲလုံး v2
ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံး v2 က ၁ တင်းကို ငွေကျပ် ၄သောင်း ၅ရာ ပေါက်ဈေးရှိနေပြီး ၁ တင်းကို ငွေကျပ် ၅၀၀ ဈေး ပြန်တက်လာပါတယ်။

မတ်ပဲ
ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ငွေကျပ် ၉သိန်း ၂သောင်း ၂ထောင် ပေါက်ဈေးရှိပြီးတော့ ၁ တန်ကို ငွေကျပ် ၅၀၀၀ ဈေးတက်လာပါတယ်။

ကြက်သွန်နီ
ကြက်သွန်နီ(မြစ်သား)ကတော့ ၁ ပိဿာကို ငွေကျပ် ၂၅ ကျပ်ဈေး ကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ငွေကျပ် ၁၂၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေဟာ အချိန်နဲ့အမျှ အပြောင်းအလဲ ရှိနိုင်ပါတယ်။
သတင်း – AMIA